Monday, May 2, 2011

မမရွှေအိမ်စည်အတွက်ကဗျာများ

ဘ၀ ရေဆန်
~~~~~~~

ပင့်သက်တချက်
ရှိုက်လိုက်တိုင်း
ပူလောင်ခါးသက်တဲ့ ရနံ့ 
ခြေတလှမ်းရွှေ့ လျှားတိုင်း
အရိပ်နောက်ကသောက
စောဒကတွေနဲ့ 
ကန္တာရလိုစစ်မြေပြင်မှာ
ကံကြမ္မာနဲ့ ထိုးစစ်ဆင်
ဒုက္ခနဲ့  သုခ
သမုဒယနဲ့  ပျားသကာ
အနိုင်နဲ့ အရှုံး
အတုံးအရုံး မလဲခင်
မနက်ဖန်အတွက်အိပ်စက်
အာရုံတက်ဖို့ ခရီးနှင်
နိုးထဖို့ အသင့်ပြင်
ရွက်ကျဲပင်နေမကြောက်
ရေလဲ မသောက်
ဆူလောက်သည့် သွေးထဲ
မုန်တိုင်းထန်စေ
ရေဆန်နေလဲ
ရောက်မြဲပန်းတိုင်
လှမ်းခဲ့ မည်...............

မီးအိမ်ရှငိသို့ 
~~~~~~

ပျံ့ လွင့် နေတဲ့ အာရုံထဲ
လေပြေလို ပြေးဝင်လာ
မီးအိမ်ရှင်နတ်သမီးလေးလား
နှလုံးသားရဲ့ စူးရှတဲ့ 
မျက်ဝန်းတစ်စုံထဲ
မမြင်မိအောင်ကြိုးစား
ဒါမှမဟုတ်..
အလွမ်းတထုပ်
ပန်းတဆုပ်စာ
အသဲနှလွှာကို
လှလှပပသော့ခတ်
ယုယစွာသိမ်းဆည်း
စည်းဝါးမကျ
ကာရံမလှတဲ့ 
ရှားရှားပါးပါး
ရင်ခုန်သံတွေက
လရောင်လိုတိုးထွက်
အခန်းကျဉ်းထဲ က
ရုန်းထွက်ချင်
ညရင်ခွင်မှာငြီးငွေ့ 
မီးအိမ်ရှင်လေးရေ
အလင်းရောင်တွေ
ပေးစွမ်းလှည့်ပါတော့......................
 
အလွမ်းပြယ်ခွင့်
~~~~~~~~~~

တွေ့ ကြုံဆုံကွဲ ၊အိမ်မက်စွဲကျန်
ကံရယ်မှေးမှိန် ၊ကိန္ဒရာချောင်းခြား
နှောင်းသွားမမေ့ ၊ငွေ့ ငွေ့ မစဲ
တွဲလက်မခိုင် ၊ယိုင်လဲတဖန်
ချန်ရစ်အတိတ် ၊အရိပ်ပမာ
သူ့ ခြေရာထက် ၊အိပ်စက်စေခဲ့
နွေရဲ့ ကြားလေ ၊ရက်စက်ခြေဆန့် 
နံ့ သာရည်နု ၊ဆုရည်လှလှ
မြစိမ်းရောင်သမ်း ၊ နှုတ်ခမ်းပါးထဲ
သဲပန်းပွင့်ချပ် ၊ထပ်ထပ်ရယ်ခြွေ
လေလွင့်ရနံ့ ၊ဆွတ်ပျံ့ မမွှေး
အသွေးမကျန် ၊သံယောစဉ်ကြွေး
ရက်ရှည်ဝေးဖို့ ၊မျက်ရည်တွေဆမ်း
အလွမ်းဇာတ်လေး ၊တခန်းရပ်ပရစေတော့.............


လမ်းပြကြယ်
~~~~~~~~
အားအင်ခြောက်ခန်း
စိတ်လက်နွမ်းလို့ 
ရေနစ်ဝါးကူ
ဆယ်မည်သူအား
မျှော်ရည်တွေးဆ
ဖေးမတွဲယူ
မငြူစူဘဲ
တူရှုလမ်းပြ
လ၀န်းတဖြာ
အာကာကြယ်စင်
တောက်ပလွင်သည့်
မီးအိမ်ပမာ
စံထားရာသည်
မမအိမ်စည်......

No comments:

Post a Comment