Tuesday, May 3, 2011

ကွက် လပ် ၏ နောက် ဆက် တွဲ

ဝေး

စကားလုံးသိပ်သည်းဆက
မထူမပါးလေး
ဒါပေမဲ့
နှလုံးသားချင်းခတ်သံပျောက်ဆုံး
တွေတွေကလေး ငေးလို့
သေဆုံးပေးခဲ့ရဖူးပါတယ် ။




မျှော်လင့်ချက်

မထူးတော့ပါဘူး
စိတ်နဲ့ကိုယ်မကပ်တော့တာပဲ
ကန့်လန်ကာကို အလျင်စလိုဆွဲချလိုက်တော့ ။




တစ်ရံတစ်ခါ

နောက်ဆုတ်ဖို့မစဉ်းစားခဲ့ပါ
ညှို့မျက်ဝန်များအကြောင်း
ဘာသာမပြန်ဖြစ်တော့တာကလွဲရင် ။



နောင်တ

ဝေခွဲရန်ကြုံကြိုက်လာတဲ့အခါဆုံးဖြတ်ခွင့်နည်းပါးလွန်းခဲ့တာ
စိတ်ဆိုးမှုကရလာဒ် တစ်ခုတဲ့
ဘယ်သူကမှမကျူးလွန်ခဲ့ပါဘူး ။




ပုံရိပ်ယောင်

တစ်ချက်မှမနမ်းရှိုက်ဖြစ်လိုက်တဲ့ ညနေခင်း
နံရံအက်ကြောင်းကို စိတ်လက်နဲ့ဖာထေးလို့
တရေးနိုးတိုင်းဘယ်လိုမှမပြုံးနိုင်
တစ်ကယ်တော့
ငါတို့ကတစ်ယောက်တစ်နေရာစီ ။



ဆန္ဒ

မြက်ပင်တွေသာရှည်လျားလာတယ်
ကြယ်ကြွေတိုင်း
ဆုတောင်းမဖြစ်တာကြာပြီ
အလွမ်းတွေကိုအစာတပ်ဖို့မေ့ခဲ့တာကိုး ။



အိပ်မက်

တင်္ဒဂနှုတ်ဆက်ခွင့်ပြုပါ
အခုချိန်ဆို
နင်ငိုနေမလား
ဘုရားသခင်ပေးတဲ့ဆုဟာ နင် ဖြစ်ပါစေ ။





အမှတ်တရ


ဟိုးရှေးရှေးတုန်းက
ပုံပြင်လေးထဲမှာ
................
...............
......
..
နှုတ်ခမ်းသတ်တိမ်းချော်မှုတွေကို
သုညကြွင်းစေခဲ့ဖူးပါတယ် ။

No comments:

Post a Comment